Saturday, March 21, 2020
အစ္စလာမ်ဘာသာဝင် ညီနောင်အပေါင်းတို့ခင်ဗျ || Mufti Ali MM Rounak || Myanmar Bayan
အစ္စလာမ်ဘာသာဝင် ညီနောင်အပေါင်းတို့ခင်ဗျာ
လက်ရှိကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရက်စ် (Covid -19) ကို ကူးစက်မြန်သော ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကြေညာထားပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါရောဂါမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်သို့ ပြန့်နှံ့နေပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးကလည်း ရောဂါထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အရေးပေါ်စီမံ ဆောင်ရွက်လျက်ရှိသည့်တိုင် လူအများအပြား သေကြေပျက်စီးနေသည်ကို ဝမ်းနည်းစွာ တွေ့ရှိနေရပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်ချက်များအရ အလ္လာဟ့်အလိုတော်နှင့် ယခုအချိန်အထိ အဆိုပါရောဂါကူးစက်ခံထားရသည့်လူနာ တစ်ဦးမျှ မတွေ့ရှိသေးပါ။ ထို့ပြင် နိုင်ငံအတွင်းသို့ ကူးစက်မလာနိုင်အောင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းပြီး သက်ဆိုင်ရာအစိုးရာဌာနများက အပူတပြင်းထိန်းချုပ်ကုသ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြာင်းလည်း သိရှိရပါသည်။
ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အဆိုပါရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြုလုပ်နေသည့် ကျန်းမာရေးဆိုင်ရာ အသိပေးနှိုးဆော်မှုများကို ကြပ်ကြပ်မတ်မတ် လိုက်နာဆောင်ရွက်ကြရပါမည်၊ ထိုကဲ့သို့နှိုးဆော်ချက်များကို လိုက်နာကျင့်သုံးခြင်းဟာလည်း အလ္လာဟ်အရှင်မြတ် အပေါ်ယုံကြည်အားကိုးခြင်းနှင့် ဆန့်ကျင်ဘက်မဟုတ်တဲ့အပြင် ရှရီအသ်တရားတော်အရ လိုက်နာဖို့အရေးကြီးတဲ့ တာဝန်တွေလို့မှတ်ယူရမှာ ဖြစ်ပါသည်။
မိမိတို့၏ ပတ်ဝန်းကျင်နှင့် ဗလီဝတ်ကျောင်းတော်များတွင်လည်း တတ်သိပညာရှင်များနှင့် တိုင်ပင်ပြီး စနစ်တကျဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ ထို့အတူ လူအများ အထိတ်တလန့်ဖြစ်စေရန် မမှန်သတင်းဖြန့်နေသည့် ကောလာဟလများကိုလည်း နားမယောင်သင့်သလို ကိုယ်တိုင်လည်း ဖြန့်ချိမပေးသင့်ပါ။ နိုင်ငံတော်မှ နေ့စဉ်ထုတ်ပြန်ပေးနေသည့် တရားဝင်သတင်းများကိုသာ ယုံကြည်လက်ခံကြရန် လိုအပ်ပါသည်။
အစ္စလာမ်ဘာသာဝင်များအနေဖြင့် ယခုလိုအချိန်ကာလမျိုးတွင် ရုပ်ပိုင်းဆိုင်ရာကာကွယ်ကုသမှုများကို အထူးလိုက်နာကြရန် လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများနှင့် ကျင့်ကြံအားထုတ်မှုများကိုလည်း အာရုံပြုကြရန် အထူးတလည် အရေးကြီးပါသည်။ ယခုကာလသည် အလ္လာဟ်အရှင်မြတ်သခင်၏ အမျက်တော်ရှနိုင်မည့် မည်သည့်ဂိုနာဟ်ကိစ္စကိုမဆို ရှောင်ဖယ်နေရန် လွန်စွာအရေးကြီးသော ကာလဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် လက်ရှိကျူးလွန်မိနေကြသော ပြစ်မှုဒုစရိုက်များကို စွန့်လွှတ်ကြ၍ မိမိတို့၏ ဂိုနာဟ်များကို အလ္လာဟ်အရှင်မြတ်သခင်ထံ သောင်ဗဟ်ပြု အမှားဝန်ချ တောင်းခံကြကာ ယခင်ထက်ပို၍ အိဗာဒသ်ဆောက်တည်မှုများကို လုပ်ဆောင်ကြရန် အထူးတိုက်တွန်းလိုပါသည်။ ထိုနည်းတူစွာ ယခုဖြစ်ပွားနေသည့် ရောဂါဆိုးမှ ကာကွယ်မှုရယူနိုင်ရန် တမန်တော်မြတ် (ဆွ) ညွှန်ကြားထားသည့် ဒိုအာများကိုလည်း အချိန်ရတိုင်း အထူးအာရုံပြု၍ မိမိအတွက်လည်းကောင်း၊ မိမိပတ်ဝန်းကျင်နှင့် တိုင်းသူပြည်သား ကမ္ဘာသူကမ္ဘာသားများအပါဝင် မိမိနိုင်ငံတော်အတွက်ပါ ဘေးဘယာအပေါင်းမှ ကင်းစင်ကြစေကြောင်း ဆုမွန်ဒိုအာတောင်းခံကြပါရန် အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment